တစ်ကြိမ်ခဏတော့ တွေ့ပါခင်။
အယောင်လောင်လို့ မမုန်းလိုက်ချင်။
မြိုက်လောင်မှုဖြင့်
ကြိုက်အောင်ဆုတို့ မဆောင်းဆိုချင်။
မပေါင်းလိုလျှင် နေစေငြား။
ခံစားလာတစ်ကိုယ်တည်းမို့
ချန်ထားကာ အပိုတွဲသော်လည်း
စွဲ ချစ်လျက်သား။
၁။ နှလုံးသားတွေကို တန်ဖိုးထားတတ်တာမှ လူ။
၂။ ရိုးသားမှုကို လှည့်ဖြားဆော်ကားရင် ညစ်ညမ်းယုတ်မာသူအဖြစ် ဥဒါန်းတွင်ရစ်မှာ သေချာတယ်။ (ရာဇကုမာရ)
တစ်ယောက်သောသူ၊ နေပူပူတွင်
ချွေးဆူသွေးထွက်၊ နွားနှင့်ဖက်၍
ထွန်ယက်စိုက်ပျိုး၊ သီးနှံမျိုးချ
ငွေရမှသာ၊ သူလိုရာကို
သူ့မှာဝယ်နိုင်ပေလိမ့်မည်...။
တစ်ယောက်သူလည်း၊ အရိပ်ထဲတွင်
ဥာဏ်ပဲစိုက်ထုတ်၊ အလုပ်လုပ်၏
ကြိုးကုပ်တီထွင်၊ ပစ္စည်းဆင်တပ်
ပြီးလျှင်ရောင်းချ၊ ငွေရမှသာ
သူလိုရာကို ရနိုင်မည်...။
နေပူထဲက၊ သီးနှံရ၍
ရိပ်ကပစ္စည်း၊ ၀ယ်မပြီးမို့
ဈေးကြီးပေးဝယ်လိုက်ရသည်...။
အမောင်လူငယ်၊ အသိကြွယ်သေး
အရွယ်လေးတွင်၊ သိဆင်ခြင်ပါ
နောင်တွင်အေးချမ်း၊မပင်ပန်းဖို့
ကြိုးပမ်းပညာ၊ သင်ထားပါမှ
မြန်မာဂုဏ်ရောင် တင့်လိမ့်မည်...။
အမွှေးတိုင်လေး၊ ခန္ဓာပေး၍
ပြာဖွေးဖွေးသာ၊ ကျန်တော့ရှာသည်
မွှေးကာကြိုင်သင်း လှိုင်စေဖို့....။
ဖယောင်းတိုင်လေး၊ ခန္ဓာပေး၍
ရေလေးသာကျန်၊ ပေးဆပ်ပြန်သည်
မှောင်ယံခွင်းကာ လင်းစေဖို့........။
ထင်းတုန်းကလေး၊ ခန္ဓာပေး၍
မီးသွေးဘ၀၊ ခံယူရသည်
ဆန်မှ ထမင်းဖြစ်စေဖို့..........။
မပြည့်စုံခြင်း၊ ဘ၀တွင်းကို
ခုန်ဆင်းပါနဲ့၊ မောင်ချစ်တဲ့သူ
ထားခဲ့ပါလေ၊ အလွမ်းတွေကြောင့်
မောင်သေတဲ့ထိ၊ ခံစားရှိစေ
ချစ်သည့်သူလေး ချမ်းသာဖို့....။